သာစည် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လျာထားဦးရေ ၁၁၉၅၆ ဦးရှိ ကြောင်းသိရပြီးပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာမှ ပန်းခင်းစီမံချက်လျာထားချက်ကို သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးမြောက်နိုင်ရန် ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ စ၍door to door တစ်အိမ်ဝင် တစ်အိမ် ထွက်စနစ်ဖြင့် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ယမန်နေ့က တောင်ပေါ်ကျေးရွာအုပ်စုများဖြစ်သည့် ကျွဲတပ်အုပ်စု၊ သဲပွတ်အုပ်စု၊ ဝါးရွက်အုပ်စု၊ ကြပ်စခန်း အုပ်စု၊ယင်းမာပင်အုပ်စုများနှင့် ယင်းမာရိုးကျေးရွာ အုပ်စု၊ အုတ်တွင်းကျေးရွာအုပ်စုနှင့် ဇဝင်း ကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၁၆ နှစ်နှင့် ၁၈ နှစ်ကြား နိုင်၃(က) ၂၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်၆(က) ၁၇၇ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ကအထိဆောင်ရွက်ပြီးဦးရေ ၁၀၉၇၈ဦး ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် လျာထားချက်ကို ဇန်နဝါရီလမကုန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှဦးစီး အရာရှိ ဦးအောင်မွန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)