မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်မှုမှကာကွယ်ရန် တိုင်းရင်းသားဘာသာဖြင့် အသိပညာပေးနှိုးဆော်

မိုင်းပျဉ်း     ဇန်နဝါရီ   ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ ဆောင်ရွက်ရာတွင် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ တစ်မျိုးဖြစ်သည့် အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာ နေရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း များရှောင်ကြဉ်ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွား ရောက်၍ ဆေးကုသမှု ခံယူကြပါရန်နှင့် ကာကွယ်ဆေးများကိုလည်း  မပျက်မကွက်သွားရောက်ထိုးနှံကြပါရန် စသည့်အချက်များကို မြို့တွင်းရှိ ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ကိုဗစ်-၁၉ ရော ဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရုံ သာမက ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခင်သန္တာအောင် (ပြန်/ဆက်)