ဒေါပုံ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင်ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် ဒု လ.ဝ.က မှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ နွယ်အေးရပ်ကွက်ရှိ နတ်နန်းတွင် ယခင်ကွင်းဆင်း၍ ဆောင်ရွက်ပြီးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ အားပေးအပ်ပြီး ရပ်ကွက်အတွင်းအိမ် ထောင်စုများမှ ဆောင်ရွက်ရန် ကျန်ရှိသူ (၃၀) ဦးတို့အားခေါ်ယူ၍ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးမိုးကျော်သူညွှန့်ထံမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၄) ရပ်ကွက်တွင် ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ် ယနေ့အထိ နေ့စဉ် ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈)လကြာ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)