အထကမိုင်းနောင်ကျောင်းတွင် ဘောလုံးနှင့် ပြေးခုန်ပစ်အားကစား လက်တွေ့လေ့ကျင့်ခြင်းများပြုလုပ်

မိုင်းနောင် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဘောလုံးနှင့် ပြေးခုန်ပစ် အားကစားနည်း လက်တွေ့လေ့ကျင့်ခြင်းများကို ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လေ့ကျင့်ရာတွင် ကျောင်းသားလူငယ်များသာမက ကျောင်းသူလေးများပါ ဘောလုံးနှင့်‌ ပြေးခုန်ပစ် အားကစားနည်းများကို စနစ်တကျ ကစားနိုင်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ စွမ်းအား၊ ကာယစွမ်းအားများ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စည်းလုံးညီညွတ်၍ ချစ်ချစ်ခင်ခင် ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကို ရည်ရွယ်၍ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ် ဆရာကြီး ဦးဇော်မြင့်သိန်းထံမှ သိရသည်။

အဆိုပါ လက်တွေ့လေ့ကျင့်ခြင်းများကို ဘောလုံးနည်းပြဆရာ ဦးစိုင်းခမ်းလင်းက တစ်လတာ လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်အဆင့်အလိုက် ခွဲ၍ ဘောလုံးကစားနည်း၊ ပြေးခုန်ပစ်ကစားနည်းများနှင့် ပတ်သက်သည့် အသိပညာပေးများကို ရှင်းလင်းဟောပြောကာ လက်တွေ့ပြသလေ့ကျင့်ပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)