တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေးများ တိုင်းရင်းသားဘာသာဖြင့် အသိပညာပေးနှိုးဆော်

တုံတာ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ ၂၀ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က လှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ရှိဖြစ်ပေါ်လာသော ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါသည် ကူးစက်မြန်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူများအားလည်း ပြန်လည်ကူးစက်နိုင်ကြောင်း၊ ယခုအခါ မိမိတို့ မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် တုံတာမြို့ပေါ်တွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်မှ ပြန်လာပါကလည်း မိသားစုများနှင့်မထိတွေ့မီ နှာခေါင်းစည်းများကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ရန်နှင့် လက်များကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာအောင် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ မိမိနေအိမ်သို့ ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိအနေဖြင့်လည်း အခြားသူများအိမ်သို့ ဝင်ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စနစ်တကျ သွားရောက်ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် သက်ကြီးရွယ်အိုများ၊ အခြားရောဂါအခံ ရှိသူများအား အထူးဂရုစိုက်ပေးကြပါရန် အာခါဘာသာ၊ ရှမ်းဘာသာများဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း