တံတားဦး ဇန်နဝါရီ ၂၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး ပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အမက-ဆုံကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင် ဦးစီးအရာရှိ-တာဝန်ပေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်၊ စာစောင်များ ဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာကာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည် မြင့်မားတိုးတက်လာမည် ဖြစ်ကြောင်းနှင့် နောင်အနာဂတ်တွင် တိုင်းပြည်၏ အားကိုးအားထား ပြုရမည့်ကျောင်းသား၊ ကျောင်း သူများ ဖြစ်လာစေရန် ရည်ရွယ်ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအကြောင်း လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask)တို့ကို ဖြန့်ဝေပေး ကြသည်။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် လူငယ်လူရွယ် များ အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအပြင် ၊ ပန်းချီပြိုင်ပွဲ ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို လစဉ်ကျင်းပနိုင် ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင် ဦးစီးအရာရှိ-တာဝန်ပေးထံမှ သိရသည်။
ရဲတင့်(တံတားဦး)