ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်တာဝန်များ ထမ်းဆောင်နေမှုသည် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းများဖြင့် စနစ်တကျထားရှိရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား အခက်အခဲအမျိုးမျိုးကြားမှ လုပ်ငန်းများ ဆောင်ရွက်မှုအား အသိအမှတ်ပြုပါကြောင်း၊ ယခုအချိန်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြစေလိုကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများအားကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုမှာ တစ်မြို့နယ်လုံးတွင် ၅၈ ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေး ထိုးနှံပြီးသဖြင့် ယခု ထိုးနှံမည့် ရုရှားနိုင်ငံထုတ် Covid-19 Vaccine ကာကွယ်ဆေးသည် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊  မြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ် များ၊ ဌာနဆိုင်ရာများရှိ  ကျူးကျော်မြေကိစ္စရပ်များ၊ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များအား သရုပ်ပြဆောင်ရွက်သွားရန်၊ ရပ်ကွက်များတွင် အရန်မီးသတ်တပ်ဖွဲ့များ မွမ်းမံဖွဲ့စည်းသွားနိုင်ရေးတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်စန်းစန်းဦးမှ ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်း ကောင်း၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်က  ကျူးကျော်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးပြီး အစည်း အဝေးအား ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ (ဒဂုံမြောက်)