ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ   ၂၀

 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို အတွင်းရေကျော်ကျေးရွာအုပ်စု၊ အတွင်းရေကျော် ကျေးရွာရှိ နိမ္မိတာရုံ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဦးစီးမှူး ဦးသိန်းထိုက်က ကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများ၊ အတွင်းရေကျော်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် အကြောင်းအရာများနှင့် စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဦးစီးမှူး ဦးသိန်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၃)ကတ်နှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀၁)ကတ် စုစုပေါင်း(၁၃၄)ကတ်တို့ကို အတွင်းရေကျော်ကျေးရွာ အ.ထ.က (ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာနေပြည်သူများထံသို့ ပေးအပ်ခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်း ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်