ကွတ်ခိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

မူဆယ် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုနေ့ချင်းပြီး ပြုလုပ်ပေးခြင်းကို ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်း(၁၀) နာရီအချိန်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       

မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ကွတ်ခိုင်မြို့နယ်ရုံးရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကိုတွေ့ဆုံပြီး ပန်းခင်းစီမံချက် ရာနှုန်းပြည့်အောင်မြင်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ပေးနိုင်ရေး အလေးထားမှာကြား တိုက်တွန်းခဲ့သည်။

ယင်းနောက် ကွတ်ခိုင်မြို့နယ်အတွင်းရှိ လုံခြုံရေးအရသွားလာရန် ခက်ခဲသော ဟူဖျက်စုစည်း ကျေးရွာအုပ်စု၊ ကြိမ်မွန်းကျေးရွာ အုပ်စု၊ မုံးယကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာအုပ်စုနှင့် (၃၈)မိုင် မန်ပြိန်းအုပ်စုများမှ ဒေသခံတိုင်းရင်းသားများဖြစ်ကြသော တအာင်း၊ ကချင်နှင့် တရုတ်မုန်းဝန်းလူမျိုးများကို မြို့နယ် ဦးစီးမှူးရုံးသို့ခေါ်ဆောင်စုစည်းပြီး ခရိုင်ဦးစီးမှူးဦးရဲရင့်ထွန်း၊ ကွတ်ခိုင်မြို့နယ် ဦးစီးမှူး ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများက ဉပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၃၄)ဦးကို နေ့ချင်းပြီးဆောင် ရွက်ပေးပြီး ကတ်ပြားများကို ထုတ်ပေးခဲ့ကြောင်းသိရသည်။                                   

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေစဉ်အတွင်း ဒေသခံတိုင်းရင်းသားများကို  ပန်းခင်းစီမံချက်နှင့် ပတ်သက်သည်များကို တစ်ယောက်မှ တစ်ဆယ်သို့ လက်ဆင့်ကမ်းပြောကြားပေးနိုင်ပါရန် အသိပညာပေး ဆွေးနွေး၍ မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် ရိုက်နှိပ်ထုတ်ဝေထားသည့် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးကာ ပန်းခင်းစီမံချက်ပါ လက်ကမ်းစာစောင်ပါ အချက်အလက်များကို ဗဟုသုတမေးခွန်းများအဖြစ် မေးမြန်းကာ ပြန်လည်ဖြေဆိုနိုင်သူများကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ် ဦးစီးမှူး တို့က ဆုလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။   

ချယ်ရီမြေ