ပုဏ္ဏားကျွန်း ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်နှင့် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးကွဲသစ် အိုမီခရွန်(Omicron)ကူးစက်ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ကာကွယ်ဆေး (Covidshield 11 Doses) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံ၊ ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်း ကျန်းမာရေး ဌာနတို့၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးအပါအဝင် သတ်မှတ် နေရာ(၄)နေရာ၌ အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုများတွင် ပါဝင်သည့် ဒေသခံ ပြည်သူ(၁၆၀)ဦးနှင့် SuperMarket ဈေးသည်(၄၂၂)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ (Covidshield 11 Doses) Phase-6 (ပထမအကြိမ်)တွင် (၃)ရက်အတွင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း(၁၉၅၃)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)