လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကစတင်၍ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အမှတ်(၁၁) ရပ်ကွက်အုပ်ချုပ် ရေးမှုးရုံသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက် ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ အိမ်ထောင်စု လူဦးရေ စာရင်း(၅)စုနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား(၅၈)ခု ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့်ရွေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
ဝေဝေ