မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူးဒေါ်ယဉ်ယဉ်ဝင်းက ''ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ''ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သူ့ကျွန်ဘဝကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို အခိုင်အမာမတည်ဆောင်နိုင်ပဲ လွတ်လပ်ရေးရရှိရန်မလွယ်ကူပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်တစ်မျက်နှာကိုသာကြည့်ပြီး ဝါးအစည်း ပြေသကဲ့သို့ ဖရိုဖရဲဖြစ်နေသည့် တိုင်းပြည်ကို အစိုးရတစ်ခုတည်း၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိအောင် ဆောင်ရွက်ခဲ့ ရပုံနှင့် ဖေဖော်ဝါရီ(၁၂)မှအရင်းတည်ကာ စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးအတွက် အစဉ်အလာကောင်းများကို ရေရှည် ထိန်းသိမ်းရန် နိုင်ငံသားတိုင်းမှာတာဝန်ရှိပုံတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း