ငါ့သရောက် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့သော မိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းများ နှုတ်သိမ်းလျက်ရှိပြီး၊ အထွက်နှုန်းမှာ ထင်သလောက် မရရှိကြသဖြင့် တောင်သူ များ တွက်ခြေမကိုက်ပဲ အရှုံးပေါ်ကြကြောင်း ရွှေလက်ပြန်ကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။
အဆိုပါ မိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ပထမပတ်ခန့်တွင် စတင်စိုက်ပျိုးခဲ့ကြပြီး၊ ယခု ဇန်နဝါရီ ဒုတိယပတ်မှ စတင်နှုတ်သိမ်းနေကြခြင်းဖြစ်ပြီး၊ တစ်ဧက (၅)ပြည်ကျ စိုက်ပျိုးခဲ့သူမှာ အထွက်နှုန်း (၃) တင်းသာ ရရှိသဖြင့် လုပ်အားခပင်မရရှိပဲ အရှုံးပေါ်ကြကြောင်းကို ယခုလိုပြောပါသည်။ “ကျွန်တော်တို့ရွာမှာ ဆောင်းဦးနှမ်းစိုက် တောင်သူ (၂၀)လောက် ရှိတာပေါ့ဗျာ စိုက်ပျိုးဖို့အတွက် ထွန်စက်ငှားရတာက တစ်နာရီကို ကျပ် (၂၂၀၀၀)ပေးရတယ်။ အဲဒါ ထယ်ရေး ရဖို့အတွက်ဆို (၃)နာရီကောင်းကောင်းလောက် မောင်းရတယ် နောက်သီးနှံ ကောင်းဖို့အတွက်ကလည်း တစ်အိပ်ကို ငွေကျပ်(၆၇၀၀၀) ပေးရတဲ့ မြေဆီက (၂)အိပ်ထည့်ရသေးတယ်ဗျာ ပေါင်းသင်းခ ပေါင်းနှုတ်ခ ငှားရတာကလည်း တစ်ယောက်ကို တစ်နေကုန် (၅၀၀၀)ကျပ်နဲ့ တစ်ဧကအတွက် လူ (၃၀) လောက် ငှားရတယ်ဗျာ အဲ့တော့ တစ်ဧကကို တောင်သူတစ်ယောက်က အနည်းဆုံး (၁၀)တင်း (၁၅)တင်း လောက်ရမှ အရင်းကြေရုံပဲရှိတာလေ ခုတော့ နှမ်းက ထင်သလောက် မထွက်တော့ ရှုံးတာပေါ့ဗျာ နှမ်းက အသီးမအောင်တာရယ် အစေ့အဆံ ပိန်တာများတာရယ်ဆိုတော့ မှန်းချက်နဲ့ နှမ်း ထွက် မကိုက်ဖြစ်သွားတာပေါ့ အနည်းဆုံး(၈)တင်း (၁၀) တင်း လောက်ရရင်ကို အဆင်ပြေပါသေးတယ် ခုတော့ (၃၀၀၀၀၀) လောက်ရင်းခဲ့ရတာ (၁၅၀၀၀၀)လောက်ပဲ ပြန်ရတယ် ဆိုတော့ လုပ်အားခကိုမရှိပါဘူးဗျာ” ဟု ရွှေလက်ပြန်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးစိုးတင့်က ပြောပါသည်။
ဖြိုးဝေ(ပြန်/ဆက်)