မြစ်ကြီးနား ဩဂုတ် ၂၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူး၍ တတိယ အကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေးကုစားမှု စီအစဉ်ဖြင့် စားသောက်ကုန်နှင့် လူသုံးကုန် လက်တွေ့သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် တတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းကာလတွင် ပို့ချပေးခဲ့သည့် ထုတ်ကုန်များကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချ၍ ကုန်ကြမ်းတန်ဖိုး ကျသင့်သည့်ငွေများကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမှာ ဖြစ်ပြီး Cash for Work (or) On Job Training မှ အမှန်တကယ် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု စားဝတ်နေရေး ဖော်ဆောင်နိုင်ရန် အထူးဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်/ကျေးရွာများမှ တက်ရောက်ကြပြီး တန်ဖိုးမြင့် စားသောက်ကုန် နည်းပညာသင်တန်း အနေဖြင့် Bakery အုပ်စုဝင် Chiffon ကိတ်မုန့်၊ Rice Cake ကွတ်ကီး၊ ဒိုးနတ်၊ Pizza စသည့် မုန့်အမယ်မျိုးစုံပြုလုပ်နည်း၊ ဘတ်စုံသုံးဆပ်ပြာရည်၊ ဆပ်ပြာအခဲ၊ ရေချိုးဆပ်ပြာရည် ပြုလုပ်နည်း အမျိုးမျိုးသင်ကြား ပေးသွာမည်ဖြစ်ပြီး ဩဂုတ်(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွန်ကြားချက်များနှင့်အညီ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)