ကော့မှူး ဇန်နဝါရီ ၁၉
ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်များတွင် ပျော်ရွှင်ပြီး စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများ ဖတ်ရူခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း၊ စာပေဖတ်ရူခြင်းကြောင့် မိမိတို့ရည်မှန်းချက် ရည်ရွယ်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆောင်ရွက်နိုင်မည်ကြောင်း၊ စာကြည့်တိုက်များတွင်လည်း ကလေးငယ်များ ပျော်ရွှင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးနေကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲဝင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ