သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့် ရရှိနိုင်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

သင်္ဃန်းကျွန်း  ဇန်နဝါရီ ၁၉

ပြည်သူများအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ် ချက်ဖြင့် ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်  ယနေ့နံနက် ၁၀ နာရီ အချိန်က ကြီးပွားရေး ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် ကြီးပွားရေး ရပ်ကွက်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် ဦးစီးမှူး ဦးရဲထွန်း က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေးဆိုင်ရာ အချက်အလက်များကို ဟောပြောဆွေးနွေးခဲ့ပြီး၊ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားခြင်းမရှိသူများအား နိုင်ငံသားကတ်ပြားများ ရရှိနိုင်စေရေးအတွက် ဝန်ထမ်းများက သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြရာ ပြည်သူ (၁၂၁) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်း စီမံချက် ကွင်းဆင်းဆောင်ရွက်ရာသို့ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးညီဖြိုးဝေနှင့် အတွင်းရေးမှူး ရဲမှူးနေလင်းအောင် တို့က သွားရောက်ခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်း မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များရရှိစေရေးအတွက် ရပ်ကွက် (၃၈) သို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး