ရှမ်းပြည်နယ် MCCT စီမံချက်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ငွေကြေးထောက်ပံ့ ပေးအပ်မည်

လားရှိုး ဇန်နဝါရီ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိနေသော ရှမ်းပြည်နယ် MCCT စီမံချက်ဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များအား ၂၀၂၂ ခုနှစ်မတ်လတွင် ထောက်ပံ့ပေးအပ် မည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ(၆)လ ဘတ်ဂျတ်အတွင်း အကျိုးခံစားခွင့် ရှိပြီးသော ကိုယ်ဝန်ဆောင်မိခင်များ၊ လက်ရှိဘတ်ဂျက်ကာလတွင် ကိုယ်ဝန်ဆောင်ထားရှိသော မိခင်များလည်း ပါဝင်မည်ဖြစ်ကာ အဆိုပါစာရင်းများ ကောက်ယူနိုင်ရေးအတွက် ကနဦးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းဖွစ်လှစ်ပို့ချပေးခဲ့ကြောင်းသိရှိရသည်။

သင်တန်းများပို့ချရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးများအား Online ဖြင့်(၆၁)ဦး ပို့ချပေးခဲ့ပြီး အင်တာနက်အခက်အခဲ ရှိသော ကျေးရွာများမှ သင်တန်းသားရပ်ကျေးစာရေးများ (၂၈)ဦးကို လူတွေ့ဖြင့် လားရှိုးမြို့နယ်အတွက် ဇန်နဝါရီ(၁၄)ရက်နေ့က သင်တန်း ပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ထောက်ပံ့ကြေးများပေးအပ်ရာ၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို တစ်လလျှင်(၁၅၀၀၀)ကျပ်ဖြင့် ပေးအပ်မည်ဖြစ်ကာ နည်းလမ်းသုံးမျိုးဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

ငွေကြေးပေးအပ်မည့်နည်းလမ်းများတွင် Wallet နည်းလမ်းကို KBZ pay ဖြင့်လည်းကောင်း၊ Cash Code နည်းကို ဖုန်းသို့ စာတိုပေးပို့ပြီး ငွေထုတ်ယူခြင်းဖြင့် လည်းကောင်း၊ Cash in Envelope နည်းလမ်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကျေးစာရေးများမှတဆင့် ငွေသားပေးခြင်းများဖြင့် ဆောင်ရွက်ပေးအပ်သွားမည်ဖြစ်သည်။

ငွေထုတ်ယူကြမည့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် KBZ pay အကောင့်တစ်ခုလိုအပ်မည်ဖြစ်ကာ အဆိုပါအကောင့်ဖွင့်လှစ်မှုအတွက် လားရှိုးမြို့အမျိုးသမီးရေးရာအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဟန်ဌေး