ဒေါပုံမြို့နယ်တွင် တစ်ကြိမ်မှမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက်ပြည်သူများအား (Covishield) ကာကွယ်ဆေးထိုးနှံပေး

ဒေါပုံ ဇန်နဝါရီ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် တစ်ကြိမ်မျှမထိုးနှံရ သေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက် အ.ထ.က (၁)ကျောင်းနှင့် နွယ်အေးရပ်ကွက် အ.လ.က(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက သွေးအောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဆေးထိုးပြီးသူများအား နာရီဝက် အနားယူစေခြင်းစသည်တို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများစနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေါပုံ မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံ ပေးရာနေရာသို့ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရပ်မိရပ်ဖ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)