ကျောက်မဲ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် ၁၂၄ ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ပြီး ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ အမှတ် ၁ ရပ်ကွက်ရှိ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ရှေ့တွင် Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့တွင်း မော်တော်ယာဉ် စီးနင်းသွားလာသူများအား ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွမ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုး တပ်ရန်၊ နောက်ကြည့်မှန် တပ်ဆင်ရန်နှင့် ၂ ဦးထက်ပို၍ စီးနင်းခြင်း မပြုရန် အစရှိသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့အပြင် ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Mask များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း