ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့သွား ရောက်၍ အသိပညာပေး‌‌ ဟောပြောပွဲပြုလုပ်

ကျောက်ဖြူ  ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများ၊ NGOs အဖွဲ့ အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုင်းစေ့ကေကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် တံတားဦးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးများ ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး ဟောပြောရာတွင် ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယလက်ထောက် ဦးစီးမှူး ဒေါ်ခင်မြတ်ဆွေမှ ပြိုင်းစေ့ကေကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတို့အား လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယလက်ထောက် ဦးစီးမှူး ဦးရဲခိုင်မင်းမှ  တံတားဦးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးတို့အား ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟော ပြောခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မေးမြန်းမှုအား တာဝန်ရှိသူများမှ အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အမေးအဖြေများ မေးမြန်း၍ အဖြေမှန်သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း