မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့် ရရှိနိုင်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၁၉

ပြည်သူများအားလုံး ဥပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖ.ဆ.ပ.လ ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းရာတွင် ဖ.ဆ.ပ.လ ရပ်ကွက်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေးက  ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေးဆိုင်ရာ အချက်အလက်များကို ဟောပြောဆွေးနွေးခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားခြင်းမရှိသူများအား နိုင်ငံသားကတ်ပြားများ ရရှိနိုင်စေရေးအတွက် ဝန်ထမ်းများက သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြရာ ပြည်သူ (၄၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် အရောက် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းဆွေမြင့်၊ အဖွဲ့ဝင်(၃) မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးသက်ခိုင်နှင့် အတွင်းရေးမှူး ရဲမှူးဇော်မင်းလွင်တို့က သွားရောက်ခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် ရပ်ကွက် (၂၀) သို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)