နမ္မတူ ဇန်နဝါရီ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးနှင့် ရတနာမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးငွေစု/ငွေချေး သမဝါယအသင်းတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိ ပညာပေး ရတနာမေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစု/ငွေချေးသမဝါယအသင်း၏ လုပ်ငန်း ဆောင်ရွက်ချက်များ(Talk Show)ကို ယမန်နေ့နေ့လည် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက Online စနစ်ဖြင့် အများပြည်သူအသိပညာပေး ရတနာမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ငွေစု/ငွေချေးသမဝါယအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ရတနာမေအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစု/ငွေချေးသမဝါယအသင်းမှ ဥက္ကဋ္ဌ ဒေါ်နန်းအေးသီးက အသင်း၏ရည်ရွယ်ချက်၊ အသင်းစတင်တည်ထောင်ထားသည့် အချိန်၊ အသင်းရဲ့လုပ်ငန်းဆောင်ရွက်ချက်များ၊ အသင်းဝင်အမျိုးသမီးများ၏ အခွင့်အရေးခံစားခွင့်များ၊ အသင်းဝင်အဖြစ် လက်ခံဖို့ သတ်မှတ်ထားသည့်စည်းမျည်းများ၊ အမျိုးသမီးများ အသင်းဝင်နိုင်ရေး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေး (Talk Show)ကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ လစဉ်အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)