ရန်ကုန် ဇန်နဝါရီ ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထ ကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရှင်သန်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ရိုးရိုးကျင့် မြင့်မြင့်ကြံစာအုပ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆွေးနွေးရာတွင် Book Club အဖွဲ့ဝင် မရတနာက လူမှုဆက်ဆံရေးသည် လူတစ်ယောက်အတွက် အရေးအပါဆုံးဖြစ်ပြီး လုပ်ငန်းခွင်တွင် လူမှုဆက်ဆံရေး ကောင်းမွန်ပါက လွန်စွာ အကျိုးများကြောင်း ရေးသားထားသည့် စာရေးသူ၏ ရေးသားချက်များအပေါ် ဖတ်ရှုထားမှုများနှင့် လက်တွေ့ ဘဝတွင် ကိုက်ညီနေမှုများကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် Book Club အဖွဲ့ဝင် အသီးသီးတို့ကလည်း မိမိတို့ လေ့လာဖတ်ရှုထားသည့် ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပ ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သူများ တိုးပွားလာကြောင်း၊ စာဖတ်သည့် အလေ့အထများ တိုးတက်လာမှသာ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ရာ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ