ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဒဂုံ ဇန်နဝါရီ ၁၉

ရန်ကုန်အ​နောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီး ရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာ စျေးတို့တွင် ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးမကူးစက်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး​ဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှ ကာကွယ်တားဆီးနိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် ခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်ခြင်း စသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာ နေထိုင်ရေးနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု ရပ်တန့်စေရေး ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက် လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေးနှိုးဆော်သည်။

ဒဂုံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)