နမ့်ခမ်းမြို့နယ်မှ စပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

နမ့်ခမ်း  ဩဂုတ် ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလတွင် စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်က နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ  အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလတွင် စီးပွားရေး ကုစားမှု (CERP)အစီအစဉ်ဖြင့်  မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်​ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မူဆယ်ခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန် က “မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးရေး လုပ်ငန်း အတွက် မူဆယ်ခရိုင်တွင် စုစုပေါင်း စိုက်ဧက  (၁၃၀)ဧကရှိပြီး နမ့်ခမ်းမြို့နယ်တွင် တောင်သူ(၂၆)ဦးဖြင့် (၅၅)ဧက စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအား မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးရန် မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစာရိတ်အတွက် (၁)ဧကလျှင် ကျပ်ငွေ(၈၃၅၀၀/-)နှုန်းဖြင့် စုစုပေါင်း (၄၅၉၂၅၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ကြောင်း” ထောက်ပံ့ငွေပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦးက နမ့်ခမ်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး နမ့်ခမ်းမြို့နယ်  ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအေးမောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ငွေများကို ပေးအပ်ရာ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့်တောင်သူများမှ အသီသီး လက်ခံရယူ ခဲ့‌ကြောင်း သိရသည်။

ဆိုင်ထွန်း (ပြန်/ဆက်)