အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူ (၄၉၁) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ရန်ကုန်          ဇန်နဝါရီ        ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံ ချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သက်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံ သားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နေပြည်သူ (၄၉၁)ဦးအား ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း အင်းစိန်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်က နိုင်ငံသားစိစစ်ရေးကတ်ပြား အရေးပါပုံ၊ ဆောင်ရန် ရှောင်ရန်နှင့် ပန်းခင်း စီမံချက်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး စော်ဘွားကြီးကုန်းရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူ(၄၉၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်မိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးမှူး ဦးသိန်းထိုက်နှင့် မြို့နယ်ဦးစီးမှူး ဦးညီညီစိုးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီစိုး ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ပြည်သူ များထံသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များရှိ ပြည်သူများကိုလည်း နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)