မှော်ဘီ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည် ၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာနေထိုင်ရေးနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ် - ၁၉ ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု ရပ်တန့်စေရေး ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြ ပါရန် အသိပညာပေးနှိုးဆော်ထားသည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)