ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီ ၁၉

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ဖြစ်ပွားနေသည့် အတွက်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့နေ ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ၉ နာရီခွဲ အချိန်ခန့်တွင် ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍  အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေး များ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ် ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ကြောင့်  ပြည်သူလူထုအနေဖြင့်  ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့် (၂၀) ကြာဆေး ကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်  ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြော ခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

သီဟ(ပြန်/ဆက်)