လောက်ကိုင်မြို့၌ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းအား ကူညီဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

လောက်ကိုင်    ဇန်နဝါရီ       ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လောက်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအား ကူညီဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ၂၀၂၁ ခုနှစ်၊ လောက်ကိုင်မြို့နယ်၏ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊ စိစစ်ပယ်ဖျက်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများအား အချိန်မီပြီးစီးရေး မူဝါဒအဖြစ်ခံယူပြီး မိမိ၏ မိခင်ဌာန လုပ်ငန်းတာဝန်များအပြင် စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှ ဖြည့်စွက်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး၊ လောက်ကိုင်မြို့နယ်ရုံးနှင့် ကုန်းကြမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးသို့ ကွန်ပျူတာ (၃) စုံအား ထောက်ပံ့ပေးအပ်ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအား ကူညီဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုပစ္စည်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်ဒေသ(ပြန်/ဆက်)