မွန်ပြည်နယ်ဝန်ကြီးချုပ် သံဖြူဇရပ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေး

သံဖြူဇရပ် ဇန်နဝါရီ ၁၉

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်း က သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ Southland Myanmar ကုမ္ပဏီလီမိတက်သို့ ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ စက်ရုံလည်ပတ်နေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးမှုနှင့် ထွက်ရှိမှုအများဆုံးဖြစ်သည့် ပြည်နယ်တစ်ခုဖြစ်သကဲ့သို့ အရည်အသွေးမီ အဆင့်မြင့် ရော်ဘာကုန်ချောထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်၊ စွန့်ပစ်ရေဆိုးစနစ်များ စွန့်ထုတ်မှုတို့ကို စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဖြူဇရပ်မြို့နယ် ဝဲတဝါကျေးရွာရှိ ဒူးရင်းခြံသို့ရောက်ရှိကာ ဧက ၆၀၀ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လက်ရှိတွင် ဧက ၂၀၀ စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ကျေးရွာဆားထုတ်လုပ်သည့် နေရာသို့ရောက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ် က အရည်အသွေးမြင့် အိမ်သုံး အိုင်အိုဒင်းဆားများ ထုတ်လုပ်နိုင်ရေး၊ စျေးကွက်သို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးတင်ပို့ရောင်းချနိုင်ရေး လမ်းညွှန်မှာကြားပြီး နေလှန်းဆားများ ထုတ်လုပ်နေမှု၊ ဆားကြမ်းများသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)