နောင်တရား ဇန်နဝါရီလ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့အမှတ်(၁)ရပ်ကွက်အတွင်း၌ မြန်မာ၊ ပအိုဝ်း၊ ရှမ်း ဘာသာစကားသုံးမျိုးဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
နောင်တရားမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာဘာသာစကား၊ ပအိုဝ်း ဘာသာစကားနှင့် ရှမ်းဘာသာစကားတို့ဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းကို အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးခြင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက် ထိုးနှံကြရန် စသည့်အချက်များပါဝင်သော အသိပညာပေးလုပ်ငန်းကို ဘာသာစကားသုံးမျိုးဖြင့် ဆောင်ရွက်သည်။ နောင်တရားမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူလျော့နည်း၍ ရောဂါပိုးကူးစက်မှု ထပ်မံမဖြစ်ပေါ်စေရေး အတွက် ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)