လဲချား ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book club အဖွဲ့ဝင်များဖြင့် “ကတိစကားလေး တစ်ခွန်း” လူငယ်များအတွက် အတွေးအမြင်စာစုများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ Book club အဖွဲ့ဝင်များက စာရေးဆရာ (အောင်ကိုဦး) ရေးသားသည့် ကတိစကားလေး တစ်ခွန်းစာအုပ်မှ “လိပ်ပြာ သန့်ပါစေ”၊ “ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်”၊ “ကတိစကားလေး တစ်ခွန်း”၊ “ပြသနာကို ဖြေရှင်းသောအခါ”၊ “အလေ့အကျင့်ကောင်း ပျိုးထောင်ပါ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)