မိုင်းလုံမြို့အထက်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မိုင်းလုံ ဇန်နဝါရီ ၁၉

အသက်(၁၀)နှစ်နှင့်အထက် ကျောင်းနေကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မိုင်းလုံမြို့ ရှေ့တန်းရုံးမှ မြို့ဦးစီးမှူး ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများက  ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့် က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယခုလိုဆောင်ရွက်ရာတွင် မြို့ဦးစီးမှူးက လိုအပ်သောအချက်အလက်များကို ဆရာ၊ ဆရာမ များမှတစ်ဆင့် ကျောင်းသူ၊ ကျောင်းသားများအား အသိပေး၍ယူဆောင်စေပြီး အချက်အလက် ပြည့်စုံစွာဖြင့် လုပ်ကိုင်ရသောကြောင့် လျင်မြန်လွယ်ကူသဖြင့် လူဦးရေပို၍ ဆောင်ရွက်ပေး နိုင်ကြောင်း၊ ယခုလိုဆောင်ရွက်ပေးသောကြောင့် ကျောင်းနေကလေးငယ်များ နိုင်ငံသား စိစစ်ရေးကတ်ပြားကို လွယ်ကူလျင်မြန်စွာရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် ကျောင်းသား(၂၃)ဦး ကျောင်းသူ(၂၅)ဦး စုစုပေါင်း (၄၈) ဦး ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မိုင်းလုံမြို့ ရှေ့တန်းရုံးက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)