ဒက္ခိဏသီရိ ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနရုံးမှ ဝန်ထမ်းများ က အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှု ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက်ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင် တွေ့ရှိနေပြီ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော် လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာနေထိုင်ခြင်းစသော စည်းမျဉ်း စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)