သီပေါ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးက အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလေးများ၏ ရင်ထဲတွင် ပြည်ထောင်စုနေ့သည် မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ် ဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံစာချုပ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြဘုတ်များကို ဟောပြောပွဲသို့ တက်ရောက်ကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)