မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန်တုံ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့ နံနက် (၁၀:၀၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၈)၊ အမှတ်(၂၀)စာစောင်မှ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း ရေးသားသည့် “ကျန်းမာရေးကိုထိခိုက်စေသောအမှိုက်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင်မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသောဗဟုသုတများဖြင့် အများအကျိုး ဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်းအလေ့အထ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မရွှေအိမ်စံ(သတ္တမတန်း)မှ အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းမရှိပါက အမြင်မတင့်တယ်ခြင်း၊ အနံဆိုးထွက်ပြီး လေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်း၊ ခြင်၊ ယင်၊ ကြွက်များနှင့် ခွေးလေခွေးလွင့်များ ပေါများလာပြီး ကူးစက်ရောဂါများ ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေစီးရေလာ ပိတ်စို့ပြီး ရေတင်ခြင်းနှင့် လမ်းများပျက်စီးခြင်း တို့ဖြစ်တတ်ကြောင်း၊ မနန်းနောင့်နောင့်(သတ္တမတန်း)မှ အမှိုက်များတွင် ယင်ကောင်များပေါက်ဖွားတတ်ပြီး ယင်ကောင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပေါ်တတ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ အစာအဆိပ်သင့်ခြင်း၊ သန်ကောင်စွဲရောဂါနှင့် အနာများ ပြည်တည် ခြင်းတို့ ခံစားရနိုင်ကြောင်း၊ အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသူများမှ တစ်ဦးချင်းဖတ်ကြားကြပြီး “ကျန်းမာရေးကိုထိခိုက်စေသောအမှိုက်” ခေါင်းစဉ်ပါ အကြောင်း အရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မန်တုံ ပြန်/ဆက်