နမ္မတူတွင် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၁၆၅ ဦးအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ ဇန်နဝါရီ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၁၆၅ ဦးအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် COVID Shield အမျိုးအစား ကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် မြို့နယ်အတွင်းနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသား ပြည်သူ ၁၆၅ ဦးအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၅၅၄ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၄ ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၆၆၆ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၈၂ ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်း သားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၃၉၆ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)