ပုံပါကျင် ဇန်နဝါရီ ၁၉
ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများလိုက်နာ ရမည့်အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင် ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြဥ်ရန်၊ လက်ကို ဆပ်ပြာနှင့်စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာ ပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်စသည့် အချက်များကို Hand speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အမှတ်(၃) ရပ်ကွက်နှင့်အမှတ်(၄)ရပ်ကွက်များသို့ သွားရောက်နှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)