မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး Booster ထိုးနှံရန်အတွက် စာရင်းပြုစုထားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ကိုဗစ်ကာကွယ်ရေး ညွှန်ကြားချက်နှင့်များအညီ နေထိုင်သွားကြရန်၊ မိမိရုံး ဌာနနှင့် ဝန်ထမ်းများ လုံခြုံရေးသတိပြုကြရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီအရည်အသွေးမီ ပြီးစီးကြရန်လည်း ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဌာနဆိုင်ရာ ရုံးများ၊  မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း မီးဘေး အန္တရာယ်ကို ဂရုပြုရန်၊ မီးဘေး လုံခြုံရေး စီမံချက် ရေးဆွဲဆောင်ရွက်ထားရန်နှင့် အခက်အခဲများ၊ တခြားလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)