မောင်တော ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မီးငြှိမ်းသတ်ရေးနှင့် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိထွန်းရွှေခိုင်က မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြှိမ်းသတ်မှုများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်တတ်စေရန် ဈေးသူ၊ ဈေးသားများအားလက်တွေ့ သရုပ်ပြသစေခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် ဦးဦးခင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး (နည်းပညာ) ဦးအောင်လွင်ဌေး၊ မြို့မစည်ပင် သာယာရေးဈေး တာဝန်ခံဦးစီးအရာရှိ ဒေါ်ဥမ္မာစောနှင့် အဖွဲ့ဝင်များ ၊ ဈေးကော်မတီဝင်များက ပူးပေါင်းကာ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ဆေးဘူး များ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်နှင့် ဈေးအတွင်းလှည့်လည် ကြည့်ရူစစ်ဆေးခြင်း၊ ဈေးအနီးအနားရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့ရေမြောင်းများ အတွင်းရေများပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အမှိုက်များအား စနစ်တကျစွန့်ပစ်စေရေး တို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)