လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး      ဇန်နဝါရီ      ၁၉

ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် (၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ “မင်္ဂလာပါခင်ဗျာ နှင့် အတွေး ရသစာစုများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club ဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)က အမှာစကားပြောကြားပြီး “မင်္ဂလာပါခင်ဗျာ နှင့် အတွေး ရသစာစုများ” စာအုပ်မှ “ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ ထို့နောက် Book Clubမှ ဦးဇော်အောင် (ဟိန်းအောင်) က အဆိုပါစာအုပ်မှ လူငယ်များနဲ့ ထားရှိရမယ့်စိတ်ဓာတ် ခေါင်းစဉ်၊ ဦးအောင်မိုးကျော်က ပညာနဲ့လူ လူနှင့်ပညာ ခေါင်းစဉ်၊ စာပေ ဝါသနာရှင် ဦးလှစိုးဝင်းက အောင်မြင်မှုနဲ့ ခရီးသွားခြင်း ခေါင်းစဉ်များဖြင့်ဆွေးနွေးကြသည်။

ဆက်လက်၍ Book Club ဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)နှင့် စာပေဝါသနာရှင် များက ခြုံငုံသုံးသပ်၍ အပြန်အလှန်ဆွေးနွေးကြသည်။ လယ်ဝေးမြို့နယ်ရုံး တွင် Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ လစဉ်စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်လျက်ရှိပြီး စိတ်ပါဝင်စားသူ စာပေဝါသနာရှင်များ အနေဖြင့် သုတ၊ ရသ စာပေများအား ပါဝင် ဆွေးနွေးနိုင်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)