ပုဗ္ဗသီရိ ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၊ အစည်း အဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှဦးစီး၍ "ကျား၊ မရေးရာ (Gender) နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာ သင်ကြားနေကြသည့် သားငယ်၊ သမီးငယ်လေးများ အနေဖြင့် ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိပြီး မိမိ ကိုယ်တိုင်က ကျား၊ မရေးရာ (Gender) ကို ကွဲကွဲပြားပြား သိရှိနားလည်လာပြီး ကျား၊မ အခြေပြုအကြမ်းဖက်မှု (GBV) ပြုလုပ်ခံရခြင်းမှ ကင်းဝေးပြီး သူတစ်ပါးကိုလည်း အကြမ်းဖက်မှုများ မပြုလုပ်မိစေရန် သိရှိနားလည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက လူမှုဝန်ထမ်းရုံးမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး တရားလွှတ်တော် ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဥပဒေများအားလည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က ကျား၊မ အခြေပြုအကြမ်းဖက်မှုများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေး၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)