တွံတေး ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံ သင်တန်း( ၁/၂၀၂၂)တွင်ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နေလည် ၂နာရီအချိန်က တွံတေး မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ် များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအပြင် စစ်ရေးပြဘာသာရပ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစား အမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုး၊ မီးခိုးများအကြား လှုပ်ရှား သွားလာခြင်း၊ အသက်ကယ်ကြိုးချည်နည်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန် များနှင့် မီးငြှိမ်းသတ်ရေး နည်းစနစ်များကို ဇန်နဝါရီလ( ၃ ) ရက်နေ့မှ ဇန်နဝါရီလ(၂၈ ) ရက်နေ့အထိ တစ်ပတ်လျှင် ငါးရက်ဖြင့် နံနက်(၉)နာရီမှညနေ(၅)နာရီအထိ သင်တန်းသား(၅၀)ဦးတို့အား သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
"ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက်များပြားလာသည်နှင့်အမျှ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယခင်ကလို သမားရိုးကျ ဆောင်ရွက်လို့မရတော့သည့်အတွက် ယခုလို ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်လည်း မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်း ချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြု ဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း"မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
တွံတေးသား