သီပေါမြို့နယ်တွင် ဂေါ်ဖီထုပ်များ ယခင်နှစ်ထက် ဈေးကောင်းသဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ

သီပေါ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တာပုတ်ကျေးရွာရှိ  စိုက်ပျိုးရေး တောင်သူများ သည် သီးနှံမျိုးစုံကို ရာသီအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ လျက်ရှိရာ ဆောင်းရာသီထွက် ဂေါ်ဖီထုပ်များ ယခင်နှစ်များထက် ဈေးကောင်းသဖြင့် စိုက်ပျိုးရေး တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ဂေါ်ဖီထုပ်များစိုက်ပျိုးရာတွင် ဘောင်များဖြင့်ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း တစ်လပြည့်လျှင် တစ်ပင်နှင့် တစ်ပင် တစ်ပေခွဲပတ်လည်ခန့်ခြား၍ စိုက်ခင်းထဲတွင် ရွှေ့ပြောင်း ၍  စိုက်ရကြောင်း၊ အပင်များရှင်သန်အောင် သုံးရက်ဆက်တိုက်ရေလောင်းပေးပြီး နွားချေးမြေဆွေးမြေဩဇာထည့်ပေးရကြောင်း၊ ရေကိုပိုက်ဖြင့်သွယ်၍ တစ်နေ့လျှင် တစ်ကြိမ် ရေလောင်းပေးရကြောင်း၊ အပင်ငယ်ချိန်မှစ၍ ထုပ်လုံးဝင်စအရွယ်နှင့် ခူးဆွတ်ရောင်းချသည့်အထိ ပိုးသတ်ဆေးကို သုံးကြိမ်ခန့် ဖျန်းပေးရကြောင်း၊ ဓာတ်မြေဩဇာကို အသုံးမပြုပဲ သဘာဝမြေဩဇာကိုသာ အသုံးပြုထားသည့်အတွက်  စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေမှာဖြစ်ကြောင်း၊ ယခင်နှစ်က ဂေါ်ဖီထုပ်တစ်ထုပ် ကို ငွေကျပ် ၆၀၀/-ဈေးသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ဂေါ်ဖီထုပ်တစ်ထုပ်ကို ငွေကျပ် ၁၀၀၀/-ဈေးဖြင့် ဈေးကောင်းရ၍ အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်းနှင့် ဂေါ်ဖီထုပ် အပင် ၁၀၀၀ ခန့်စိုက်ပျိုးထားကြောင်း တာပုတ်ကျေးရွာရှိ တစ်ပိုင်တစ်နိုင် ဂေါ်ဖီထုပ် စိုက်ပျိုးရောင်းချသူ ဒေါ်နန်းဆိုင်မွန်းက ပြောပြခဲ့သည်။

တာပုတ်ကျေးရွာသည်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာဖြစ်သည်နှင့်အညီ တောင်သူ အများစုက မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ငရုပ်၊ ကြက်သွန် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ကိုက်လန် ဆလပ်၊ ပဲရွက်၊ နံနံပင် စသည့် သီးနှံများကို တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာ ရောနှော၍ စိုက်ပျိုးရောင်းချ လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)