တွံတေး၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

တွံတေး ဇန်နဝါရီ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆) နှစ်မှ (၁၈) နှစ်ပြည့်ပြီးသူတို့၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုး ထုတ်ပေးနိူင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မေလဆန်းမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ကို ဆောင်ရွက်ရာတွင် အသက်(၁၆ နှစ်မှ ၁၈ နှစ်ထိ)နှင့် (၁၈ နှစ်မှ အထက်)ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တွံတေးမြို့နယ်တွင် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးရမည်​သူ ဦး ရေ (၁၇၆၉၇)ဦး ရှိပြီးအသက် (၁၆) နှစ်နှင့် (၁၈) ကြားလူဦး​ရေမှာ (၅၁၃၀) ဦးအား ပန်းခင်း လမ်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိ ဒေသတွင် အမြဲနေထိုင်ကာ အိ​မ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဇာတိတွင် အိမ် ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ မူလဒေသ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းကို ရပ်ကွက်၊ကျေးရွာအုပ်စုများသို့ အဖွဲ့များခွဲကာ စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား