နောင်ချိုမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲပြုလုပ်

နောင်ချို ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် နောင်ချိုမြို့နယ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စု နေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ကျောင်းသား၊ ကျောင်းသူလေးများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံ စာချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ လေးများအား မေးခွန်းများ မေးမြန်း၍ ဖြေကြားစေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)