ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန် ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက အမှတ် (၁၆)ရပ်ကွက်ရှိ မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံတို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ  ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၇၄၄)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး လာရောက်ထိုးနှံသူပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)