ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်းအောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် မင်္ဂလာစျေးဓမ္မာရုံ၌ ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၃၁၅)ဦးရှိကြောင်း သိရသည်၊
အလားတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သိမ်ကြီးစျေးဓမ္မာရုံတွင် ရပ်ကွက်အလိုက် ၁၈နှစ်နှင့်အထက် ပထမအကြိမ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း(၂၁၂)ဦးရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)