ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသော နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရေး တိုင်းရင်း သားလူမျိုးများအား ဆွေးနွေးရှင်းလင်းဆောင်ရွက်

မူဆယ် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းသားလူမျိုးများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးသော ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေစာရင်းများ လက်ဝယ်ရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းနှင့် အဖွဲ့ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁)နာခွဲအချိန်တွင် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။                   

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (မရှိ)သေးသူများနှင့် နိုင်ငံသား စီစစ်ရေးကတ် (မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် မိမိတို့ဌာနမှ ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒေသ ခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။                                                          

ဆွေးနွေးပွဲသို့ မူဆယ်မြို့နယ်အတွင်း နေထိုင်လျက်ရှိကြသော ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ လီဆူး၊ လီရှော စာပေယဉ်ကျေးမှုအသင်းများ၊တိုင်းရင်းသားလူမျိုးများ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်၍ အသိပညာ ပေး ဆွေးနွေးချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အယ်လ်စိုး(မူဆယ်)