ရပ်စောက်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ရပ်စောက် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး